ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5



မုန်တိုင်းဒဏ်မှ ကာကွယ်ရန် မွတ်စလင်တွေကို ဒုက္ခသည် စခန်းမှ ပြောင်းရွှေ့ပေးရေး နိုင်ငံတကာ အဖွဲ့အစည်းများ တိုက်တွန်း


မုန်တိုင်းဒဏ်မှ ကာကွယ်ရန် မွတ်စလင်တွေကို ဒုက္ခသည် စခန်းမှ ပြောင်းရွှေ့ပေးရေး နိုင်ငံတကာ အဖွဲ့အစည်းများ တိုက်တွန်း
MMM
ဘန်ကောက် ။မေ ၁၄
စိုင်ဖုလ္လာဟ် (မြန်မာမွတ်စလင်မ်မီဒီယာ) ဘာသာပြန်ဆိုသည်။
ရခိုင်ပြည်နယ်သို့ ၀င်ရောက်လာမည့် မုန်တိုင်းဘေးမှ လွတ်မြောက်ရန်အတွက် ဒုက္ခသည် မွတ်စလင်များကို ဘေးကင်းရာ ကုန်းမြေမြင့်များသို့
ရွှေ့ပြောင်းပေးရန် မြန်မာအစိုးရအား လူ့အခွင့်ရေးအဖွဲ့များက တိုက်တွန်းခဲ့သည်။
ပြီးခဲ့သည့် တနင်္လာနေ့က မုန်တိုင်းဘေးမှ လွတ်မြောက်ရန်အတွက် ကြိုးစားသည့်ရိုဟင်ဂျာ ၁၀၀ကျော် သယ်ဆောင်လာသော စက်လှေ တိမ်းမှောက်ခဲ့ပြီးနောက် အဆိုပါ သတိပေးချက် ထွက်ပါလာခြင်းဖြစ်သည်။
အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမဟာစန်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့အနီးတွင် မြေပြိုမှုများဖြစ်နိုင်မည်ဟု ကြိုတင် ခန့်မှန်းထားခဲ့ပြီး ရခိုင်ပြည်နယ်တွင်လည်း လေပြင်းများနှင့် မိုးသည်းထန်စွာ ရွာသွန်းမည်ဟု တွက်ချက်ထားကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(OCHA) ကပြောကြားသည်။
“ချင်းပြည်နယ်မှာ မိုးကြီးပြီး မြေပြိုတာတွေ၊ရေကြီးတာတွေဖြစ်နိုင်တာကြောင့်ပိုပြီး စိုးရိမ်စရာ ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ ရာသီဥတုက အရမ်းဆိုးတဲ့အတွက် ကြိုတင်ပြင်ဆင် ရမယ့်ကာလမျိုးမှာ ခန့်မှန်းတွက်ချက်ဖို့နဲ့ ဘေးကင်းရာကို ပြောင်းရွှေ့ချထားဖို့လုပ်တဲ့အခါ လှေတွေနဲ့ ခရီးသွားရတာ အခက်အခဲရှိပါတယ်”ဟု OCHA နောက်ဆုံး ကြေညာချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်တွင် နေထိုင်လျက်ရှိသော မွတ်စလင်များသည် ပြီးခဲ့သည့်နှစ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် ပဋိပက္ခများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။
ရိုဟင်ဂျာအများစုပါဝင်သော ဒုက္ခသည် ၁၄၀,၀၀၀ ကျော်သည် နေအိမ်များမှ အဓမ္မမောင်းထုတ်ခံခဲ့ရပြီး ယခုအခါ မုန်တိုင်းဒဏ်မခံနိုင်သော ယာယီတဲများတွင်သာ နေထိုင်နေကြရသည်။
လူသားချင်း စာနာမှုအေဂျင်စီများနှင့် လူ့အခွင့်ရေးအဖွဲ့များက မုတ်သုံမိုးနှင့် မုန်တိုင်းအန္တရာယ်များ အကြောင်းကို အစိုးရအား ထပ်တလဲလဲ
သတိပေးခဲ့သော်လည်း အစိုးရအနေနှင့် စိုးရိမ်မှုများကို ဂရုမစိုက်ခဲ့ပါဟု အာရှလူ့အခွင့်ရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ ဒါရိုက်တာ ဘရတ်အဒမ်က
ပြောကြောင်း ကြေညာချက်တွင် ဖော်ပြသည်။
“တကယ်လို့ အစိုးရအနေနဲ့ အန္တရာယ်ကျရောက်နိုင်တဲ့သူတွေကို နေရာပြောင်းရွှေ့ကယ်တင်ဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် ကပ်ဘေးသင့်တဲ့လူတွေဟာ
သဘာဝကြောင့်ရတဲ့ ဒုက္ခ မဟုတ်တော့ဘဲ လူရဲ့ ပယောဂကြောင့် ဒုက္ခရောက်သူတွေ ဖြစ်သွားပါလိမ့်မယ်”ဟု ၎င်းက ထည့်သွင်းပြောကြားသည်။
ပြီးခဲ့သည့် တနင်္လာနေ့က ပေါက်တောမြို့မှ မုန်တိုင်းရှောင် ရိုဟင်ဂျာ ၁၀၀ ကျော် တင်ဆောင်လာသော စက်လှေတိမ်းမှောက်ခဲ့ပြီး အများစုမှာ
ရေနစ်သေဆုံးဖွယ် ရှိကြောင်း သိရသည်။
တနင်္ဂလာနေ့က ရခိုင်ပြည်နယ် စစ်တွေမြို့မှ ၁၇ မိုင်အကွာတွင်ရှိသော ပေါက်တောမြို့နယ်တွင် နေရာရွှေ့ပြောင်းမှုအချို့ရှိခဲ့သည်။ သို့သော် ရေမြုပ်မည့် ဧရိယာများမှ ကုန်းမြင့်များသို့ ရွှေ့ပြောင်းပေးသည်ဆိုသော်လည်း အစိုးရအနေနှင့် မည်သို့သော အမိုးအကာများကို
စီမံထားသည်ကို ရှင်းရှင်း မသိရသေးကြောင်း ကုလသမဂ္ဂက ပြောဆိုသည်။
အစိုးရအနေနှင့် အန္တရာယ်ကျရောက်နိုင်သော စစ်တွေမြို့ပြင်ရှိ အိုးအိမ်မဲ့ဒုက္ခသည်များအား မုန်တိုင်းသတိပေးမှု မပြုလုပ်သည့်အပြင် ရိုဟင်ဂျာများကို လွတ်လွတ်လပ်လပ် ရွှေ့ပြောင်းခွင့်မပေးသည့်အတွက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာမှုအဖွဲ့က ပြစ်တင်ဝေဖန်လိုက်သည်။
ဗုဒ္ဓဘာသာဝင် အများစုဖြစ်သော ရခိုင်လူမျိုးများနှင့်မတူဘဲ မွတ်စလင်များမှာ လွတ်လပ်စွာ ရွှေ့ပြောင်းခွင့်အပြင် အလုပ်အကိုင်ရှာဖွေခွင့်နှင့် ကျန်းမာရေး အခြေခံဝန်ဆောင်မှု ခံစားပိုင်ခွင့်တို့ တားမြစ်ပိတ်ပင်ခံထားရပြီး အကူအညီ အထောက်အပံ့များပေါ်တွင်သာ မှီခိုအားထားနေရသည်။
“အစိုးရအနေနဲ့ ရွှေ့ပြောင်းမှုတွေမှာ ကန့်သတ်တာတွေ၊ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေကို အမှန်တကယ် လိုအပ်နေသူတွေထံ
အရောက်သွားခွင့်မပေးတာတွေ ဖယ်ရှားပြီး လူမျိုးရေးမခွဲခြားဘဲ အကူအညီတွေ ပေးဖို့လိုပါမယ်” ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာမှု အာရှပစိဖစ် လက်ထောက်ဒါရိုက်တာ အစ္စဘဲလအာရာဒန် က ပြောကြားသည်။
“ရိုဟင်ဂျာတွေကို လုံခြုံမယ့် ကုန်းမြေမြင့်တွေဆီ လွတ်လွတ်လပ်လပ်သွားခွင့်ပြုတာဟာ သူတို့အတွက် မိုးသည်းထန်ပြီး ရေကြီးလာနိုင်မယ့်ဘေး ကနေ ရှောင်လွဲနိုင်ဖို့ အတွက် တစ်ခုတည်းသော အခွင့်အရေးဖြစ်ပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားသည်။
ရိုဟင်ဂျာများအတွက် ပိုမိုစိတ်ချရသော နေရာများသို့ ယာယီရွှေ့ပြောင်းထားမှုတွင် အတင်းအကြပ်နေရပ်ပြန်ခိုင်းခြင်းနှင့် ပိုမိုအန္တရာယ်ရှိပြီး ဆိုးဝါးသောနေရာများဖြစ်မလာစေရန် လိုအပ်ကြောင်း ကုလသမဂ္ဂက သတိပေးပြောကြားသည်။
Thomson Reuters Foundation မှ As storm moves in, NGOs urge Myanmar to move Muslim IDPs out ကို စိုင်ဖုလ္လာဟ်(မြန်မာမွတ်စလင်မ်မီဒီယာ)ဘာသာပြန်ဆိုသည်။

About MPN

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

No comments:

Post a Comment


Top