မွန်ပြည်နယ်ရှိ မွတ်စလင်များ၏ မှတ်ပုံတင်တွင် လ၀ကမှ ဘင်္ဂါလီလူမျိုးဟု အဓမ္မထည့်သွင်း ဖော်ပြ
နိုဝင်ဘာ ၁၉ ၊ ၂၀၁၂
M-Media
နေသစ်ထွန်း
M-Media
နေသစ်ထွန်း
မွန်ပြည်နယ် အတွင်း နေထိုင်လျက်ရှိ မြန်မာမွတ်စလင်များအား မှတ်ပုံတင်ပြုလုပ်ရာတွင် သက်ဆိုင်ရာ လ၀က ဌာနများမှ ဘင်္ဂလီ လူမျိုး ဟုထည့်သွင်းရေးသားဖော်ပြနေကြောင်း သိရသည်။ “ ပေါင်က လ၀က ရုံးမှာ မှတ်ပုံ တင် လုပ်တော့ လ၀က အတင်းပဲ ဘင်္ဂလီ လို့ရေးပါတယ်။ ကျွန်တော် ဘင်္ဂလီမဟုတ်ဘူး လို့ ပြောတော့ မရဘူး။ ဘင်္ဂလီလို့ ရေးမှ မှတ်ပုံတင် ရမယ် လို့ ပြောတယ် ” ဟု မွန်ပြည်နယ် ပေါင်မြို့နယ် မုတ္တမ ကျေးရွာမှ မြန်မာ မွတ်စလင် တစ်ဦးက ပြောသည်။
မိဘမျိုးရိုးများသည် ဘင်္ဂလီများမဟုတ်သော်လည်း သားသမီးများ၏ မှတ်ပုံတင်များတွင် ဘင်္ဂလီ ဟု ထည့်သွင်း ခံနေရသည်။
“ ကျွန်တော် အဖေမှတ်ပုံတင်မှာက ဇေရ်ဘာဒီလူမျိုးလို့ ရေးထားပါ တယ်။ ဒါပေမယ့် ကျွန်တော်ကိုကျတော့ ဘင်္ဂလီ / မွန် / ကရင် လို့ ရေးထားတယ်။ ဒီလိုဘာလို့ရေးလဲ ဆိုတာ တောင် ကျွန်တော်မသိရဘူး ”ဟု မော်လမြိုင်မှ မြန်မာမွတ်စလင် တစ်ဦးက ပြောကြားသည်။
သက်ဆိုင်ရာ လ၀က အရာရှိများသည် တိုင်းရင်းသားလူမျိုးများမှ အစ္စလာမ်ဘာသာဝင် များ ဘင်္ဂလီ ၊ သို့မဟုတ် အိန္ဒိယ မျိုးနွယ် အဖြစ် မှတ်ပုံတင်တွင် တွဲဖက် ဖေါ်ပြလျက်ရှိသည်။
“ကျွန်တော်က ကရင်-ဗမာ ပါ။ လ၀ကမှာ မှတ်ပုံတင်လုပ်တော့ ဘင်္ဂလီလို့ ရေးဖို့ လုပ်ပါတယ်။ ကျွန်တော့်ကို ဘင်္ဂလီ လို့ ရေးမယ်ဆိုရင် အဲဒီမှတ်ပုံတင် ကျွန်တော်မယူဘူး ။ လူမျိုးအမှန်ကို ရေးမှ မှတ်ပုံတင်ယူမယ်လို့ ပြောပြီး ရအောင်မှတ်ပုံတင်လုပ်ခဲ့ရတယ် ” ဟု ပေါင်မြို့နယ် နတ်မော်ကျေးရွာ ကရင်တိုင်းရင်းသား အစ္စလာမ် ဘာသာဝင်တစ်ဦးက ၄င်းအတွေ့အကြုံကို ပြောပါသည်။
ဘင်္ဂလီစကား ပြောဆိုခြင်း၊ ဘင်္ဂလီ ယဉ်ကျေးမှု ကျင့်သုံးခြင်း၊ ဘင်္ဂလီ ရိုးရာ ၀တ်စုံ ၀တ်ဆင်ခြင်း များမရှိကြပဲ မြန်မာစကား ပြောဆိုခြင်း၊ မြန်မာ့ ယဉ်ကျေးမှု ကျင့်သုံးခြင်း၊ မြန်မာ့ဝတ်စုံ များဝတ်ဆင်လေ့ရှိသူ မြန်မာ မွတ်စလင် များ ၊ တိုင်းရင်းသား အစ္စလာမ် ဘာသာဝင်များကို ဘင်္ဂလီ လူမျိုးအဖြစ် လ၀က မှ အဓမ္မ ဖေါ်ပြနေခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဒေသခံ များက ပြောဆိုကြသည်။
မွန်ပြည်နယ် မုတ္တမဒေသရှိ အစ္စလာမ်ဘာသာဝင် ပသီ(မြန်မာမွတ်စလင်) တို့သည် မွန်ဘုရင်များ လက်ထက် ကပင် နေထိုင်ခဲ့ ပြီး မွန်ဒေသသို့ ကျူးကျော် လာသူများကို ခုခံ တိုက်ခိုက်ရာတွင် ပါဝင်ခဲ့ကြောင်း မြန်မာ့သမိုင်း တွင်ဖေါ်ပြထားသည်။
No comments: