ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5


21 April 2013
MMM
ဧပြီ ၁၈၊ ဂါးဒီးယန်း(ယူကေ)
မူရင်း –

သူ့ကိုယ်သူ “ဗမာဘင်လာဒင်”လို့ ကင်ပွန်းတပ်ပြီး မြန်မာပြည်မှာ လူမျိုးရေး၊ ဘာသာရေးမုန်းတီးမှုတွေ ဖြစ်အောင် အဓိကလှုံ့ဆော်မီးမွှေးပေးတဲ့
ကျောင်းထိုင် ဘုန်းတော်ကြီး တစ်ပါးကတော့ “၀ီရသူ” ဖြစ်ပါတယ်။



သက်တော် ၄၅ နှစ်ရှိပြီဖြစ်ပြီး အ၀ါရောင်သင်္ဃန်းခြုံထားတဲ့ ဦးပဉ္ဇင်းဟာ သူတရားဟောတဲ့အခါမှာ တည်ငြိမ်အေးဆေးပုံကတော့ အိပ်ပျော်သွားသလား ထင်ရလောက်အောင် ပါပဲ။ ရှေ့တိုးနောက်ငင် လှုပ်လီလှုပ်လဲ့ ကိုယ်ကို ယိမ်းပြီး ပြောနေပေမယ့် မျက်လုံးအစုံကိုတော့ အောက်ငိုက်စိုက် ထားပါတယ်။
ဦးပဉ္ဇင်းရဲ့ နူးညံ့တဲ့စကားတွေကို ဘာသာပြန် ကြည့်တဲ့အခါမှာတော့ ဦးပဉ္ဇင်းဝီရသူဟာ သူတစ်ပါးအပေါ် ယုံမှားသံသယ လွန်ကဲနေပြီး ကြောက်ရွံ့နေတာရယ်၊ အခြေအမြစ်မရှိတဲ့ ကောလဟလတွေနဲ့ လူမျိုးရေးမှိုင်း တိုက်မှုတွေကို  အိုးနင်း ခွက်နင်း ပြောနေတာရယ် တွေ့ရမှာဖြစ်ပြီး အဲဒီစကားတွေဟာ စမ်းတ၀ါးဝါး လမ်းလျှောက်တတ်ခါစ ဒီမိုကရေစီကို ခလုတ်တိုက်
မှောက်လျက် လဲစေမယ့် အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားအောင် သတင်းအမှားတွေကိုသာ ဆောင်ကျဉ်းပေးနိုင်တာ တွေ့ရမှာဖြစ်ပါတယ်။
“မြို့တိုင်းမှာ မုဒိန်းကျင့်ခံနေရတယ်၊ မြို့တိုင်းမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရတယ်၊ မြို့တိုင်းမှာ အုပ်စုဖွဲ့ပြီး အနိုင်ကျင့်တာခံရတယ်၊
မြို့တိုင်းမြို့တိုင်းမှာ ဒီလို ကြမ်းတမ်းရိုင်းစိုင်းတဲ့ မွတ်စလင် အများစုရှိပါတယ်” လို့ မန္တလေးမစိုးရိမ် တိုက်သစ်မှာ သတင်းသုံးနေတဲ့
ဦးပဉ္ဇင်းဝီရသူက ဂါးဒီးယန်းသတင်းဌာနကို မိန့်ပါတယ်။
ဒီနေရာမှာ စစ်သွေးကြွအမြင်ရှိပြီး မှားယွင်းပုံဖော်တတ်တဲ့ ဘုန်းကြီးတစ်ပါးအနေနဲ့ ဦးဝီရသူကို လစ်လျူရှု ထားနိုင်ပေမယ့် ဒါတွေဟာ
ပုဂ္ဂိုလ်ရေး ထင်ပေါ်ကျော်ကြားလိုမှု သက်သက်တော့ မဟုတ်ပါဘူး။ သူတာဝန်ယူထားတဲ့ မစိုးရိမ်တိုက်သစ်ကျောင်းမှာ သံဃာ ၂၅၀၀ ကျော် သတင်းသုံးနေထိုင်ပြီး၊ သူ့ရဲ့ Facebook စာမျက်နှာမှာ ထောင်ပေါင်းများစွာသော ပရိသတ်ရှိနေကာ YouTube က သူ့ ဗီဒီယိုတွေကိုလည်း သောင်းနဲ့ချီတဲ့ အကြိမ်အရေအတွက်ထိ ကြည့်ရှုအားပေးကြပါတယ်။
လူဦးရေသန်း ၆၀ ကျော်ရှိပြီး တစ်ချိန်က စစ်အာဏာရှင်တွေ လက်အောက်မှာ ပြားပြားဝပ်ခဲ့ရတဲ့ အခုမှ မျက်စိပွင့်နားပွင့်ခါစ မြန်မာပြည်ဟာ
ဗုဒ္ဓဘာသာဝင် အများစုအကြားမှာ မွတ်စလင်မုန်းတီးရေးတွေ ပြန့်နှံ့လာခဲ့ရပါတယ်၊ အဲဒီအကြာင်းတရားများရဲ့ နောက်ကွယ်မှာ ဦးပဉ္ဇင်းဝီရသူ ရှိနေပါတယ်။ မွတ်စလင်စီးပွားရေးတွေကို သပိတ်မှောက်ဖို့ လှုံ့ဆော်ခဲ့တဲ့ အမျိုးသားရေးလှုပ်ရှားမှုနဲ့အတူ ၂၀၀၁ ခုနှစ်မှာ ဦးဝီရသူဟာ
ထင်ရှားကျော်ကြား လာပါတယ်။ ၂၀၀၃ ခုနှစ်အရောက်မှာတော့ မွတ်စလင်မုန်းတီးရေးလှုံဆော်မှုနဲ့ ထောင်ဒဏ် ၂၅ နှစ်ကျခံခဲ့ရပါတယ်။
ဒါပေမယ့် ၂၀၁၀ ခုနှစ်မှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပါတယ်။
ဦးပဉ္ဇင်းထောင်က ထွက်လာအခါမှာ မုန်းတီးရေး တရားတွေကိုသာ ပြန်ဟောပါတယ်။ မနှစ်က ဇွန်လမှာဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်က ဗုဒ္ဓဘာသာဝင်တွေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေအကြား လူပေါင်း ၂၀၀ ကျော် သတ်ဖြတ်ခံရပြီး ဒုက္ခသည် ၁သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ အကြမ်းဖက်ပဋိပက္ခဟာ ဦးပဉ္ဇင်းဝီရသူရဲ့ မုန်းတီးရေးတရားတွေကြောင့်လို့ အများစုက ယုံကြည်ကြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း မန္တလေးမှာ ဦးဝီရသူက သံဃာထုကို စည်းရုံးလှုံ့ဆော်ပြီး သမ္မတဦးသိန်းစိန်ရဲ့ ရိုဟင်ဂျာတွေကို
တတိယနိုင်ငံကို ပို့မယ်ဆိုတဲ့ အငြင်းပွားဖွယ်အစီစဉ်ကို ထောက်ခံတဲ့ ဆန္ဒထုတ်ဖော်ပွဲတွေ လုပ်ခဲ့ပါသေးတယ်။ မကြာသေးခင်က မိတ္ထီလာမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ ရခိုင်ပဋိပက္ခရဲ့ မီးပွားတစ်ခုဖြစ်တယ်လို့ ဦးဝီရသူက မိန့်ဖူးပါတယ်။
ရွှေဆိုင်အငြင်းပွားမှုကနေ ချက်ချင်း လုယက်ဖျက်စီးမှုတွေနဲ့ စိတ်လွတ်ကိုယ်လွတ် မီးရှို့မှုတွေ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့်
ဗလီတွေ၊ အိမ်တွေ၊ ဆိုင်တွေ မီးရှို့ဖျက်စီးမှုခံခဲ့ရပါတယ်။ လူ ၄၀ ကျော်သေဆုံးပြီး ၁၃၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။
အများစုက မွတ်စလင်တွေပါ။ အစ္စလာမ်နဲ့ပတ်သက်ပြီး ဦးဝီရသူ စိုးရိမ်တာကတော့ ဗုဒ္ဓဘာသာ အမျိုးသမီးတွေဟာ အစ္စလာမ်ထဲကို အဓမ္မသွတ်သွင်းခံရပြီး အစ္စလာမ်ဥပဒေကို မလိုက်နာရင် သတ်ခံရလို့ပါတဲ့။ နောက်တစ်ခါ ဟလာလ်နည်းကျ သားကောင်သတ်ဖြတ်တာကိုလည်း
ဦးပဉ္ဇင်းက “ဒါကို ခွင့်ပြုလိုက်ရင် အရှိန်မြှင့်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာနိုင်တယ်” လို့ ဆိုပါတယ်။
ဦးပဉ္ဇင်းဟာ “၉၆၉”အမျိုးသားရေးလှုပ်ရှားမှုကို ဦးဆောင်ပံ့ပိုးပြီး ဗုဒ္ဓဘာသာဝင်တွေကို ဗုဒ္ဓဘာသာဝင်ဆိုင်မှာပဲ ဈေးဝယ်ဖို့နဲ့ ဗုဒ္ဓဘာသာ ၀င်တွေကိုပဲ ဈေးရောင်းဖို့ အားပေးသလို ဘုရားဂုဏ် ၉ ပါး၊ တရားဂုဏ် ၆ ပါး၊ သံဃာ့ဂုဏ် ၉ ပါးကို ရည်ညွှန်းတဲ့ “၉၆၉” သင်္ကေတတွေနဲ့
ဗုဒ္ဓဘာသာဝင်တွေရဲ့ အိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို ပိုင်းခြားထားဖို့ လှုံ့ဆော်နေတာတွေဟာ လူမျိုးရေးခွဲခြားတဲ့ နိုင်ငံသစ်တစ်ခုကို
ဖန်တီးချင်တဲ့ ရည်ရွယ်ချက်တွေရှိသလားလို့ ထင်မှတ်စရာပါ။
ပြီးခဲ့တဲ့ အကြမ်းဖက်လှုံ့ဆော်မှုတွေနဲ့ပတ်သက်ပြီး ဦးဝီရသူက မွတ်စလင်တွေအပေါ်မှာ ပွင့်ပွင့်လင်းလင်းပဲ ပြစ်တင်ဝေဖန်ပါတယ်။
တိုင်းပြည်ရဲ့ ၅ ရာခိုင်နှုန်းပဲရှိတဲ့ လူနည်းစုမွတ်စလင်တွေဟာ အရှေ့အလယ်ပိုင်း နိုင်ငံတွေက တပ်ဖွဲ့တွေရဲ့ ငွေကြေးထောက်ပံ့ မှုတွေရယူနေတယ်လို့ ဦးပဉ္ဇင်းက ဆိုပါတယ်။
“မြန်မာပြည်ကိုလည်း အဲဒီအစွန်းရောက်တွေက ကြိုးကိုင်နေလို့ သူတို့တွေက ငွေအားတို့၊ လက်နက်အားတို့၊ နည်းပညာအားတို့နဲ့ ထောက်ပံ့နေလို့
ဒီပြည်တွင်းမွတ်စလင်တွေက ရိုင်းစိုင်းကြမ်းတမ်းနေကြတာ” လို့ ၎င်းက ဆိုတယ်။ ဦးဝီရသူရဲ့ တရားတွေနဲ့ ယုံကြည်ချက်ကို ဘယ်သူမှ လက်မခံပါဘူး။
“ဦးဇင်းဝီရသူဟာ မုန်းတီးရေးဘက်ကို ရောက်နေတယ်၊ ဒါဟာ ဗုဒ္ဓသွန်သင်တဲ့နည်းလမ်းမဟုတ်ဘူး၊ ဗုဒ္ဓဘုရားရှင်က ဘာသင်သလဲဆိုရင်
မုန်းတီးမှုဆိုတာ မကောင်းဘူးတဲ့ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓက လူတိုင်းကို တူညီသောအမြင်နဲ့ပဲ ကြည့်လို့ပါ။ ဗုဒ္ဓက လူတွေကို
ဘာသာရေးအမြင်နဲ့မကြည့်ဘူး”လို့ မန္တလေး မြ၀တီဆရာတော်ကျောင်းမှ ကျောင်းထိုင်ဆရာတော် အရိယာဝံသာဘိဝံသက မိန့်ပါတယ်။
ဦးဝီရသူရဲ့ လစ်လျူရှုလို့မရတဲ့ အစွန်းရောက်မှုတွေနဲ့ပတ်သက်လာရင် သူ့ရဲ့ ပညာရေးအခြေခံနည်းပါးမှု ကလည်း ဝေဖန်စရာ အချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ မွေးချင်း ၈ ဦးအနက် ဒုတိယမြောက်သားဖြစ်တဲ့ ဦးဝီရသူကို ၁၉၆၈ ခုနှစ်က မန္တလေး တိုင်း ကျောက်ဆည်မြို့ မှာ မွေးဖွားခဲ့ပြီး ရဟန်းမခံခင် အသက် ၁၄ နှစ်အထိသာ ကျောင်းတက် ခဲ့တယ်လို့ ဆိုပါတယ်။
“အတ္တလောဘတွေနဲ့ မုန်းတီးမှု အာဃာတတွေ ထူပြောတဲ့ လူ့ဘောင်လောကကြီး” ကနေ စွန့်ခွာဖို့ စိတ်အားထက်သန်ခဲ့တဲ့ ဦးဝီရသူဟာ လက်ထပ်ထိမ်းမြား လိုစိတ်လည်း မရှိဘူးလို့ဆိုပါတယ်။ “ကျုပ် မိန်းမတစ်ယောက်နဲ့ အတူမနေချင်ဘူး”လို့ ဦးဝီရသူက မိန့်ပါတယ်။ ဦးဝီရသူက သူဟာ ကုရ်အာန်ကျမ်းကိုလည်း ဖတ်ဖူးပြီး သူ့မှာ မွတ်စလင် မိတ်ဆွေတွေလည်း ရှိကြောင်းပြောပါတယ်။  “ ကျူပ်တို့အကြားမှာ အရမ်းရင်းနှီးမှုတော့မရှိဘူး၊ ဘာလို့လဲဆိုတော့ ဦးပဉ္ဇင်းရဲ့ မွတ်စလင်မိတ်ဆွေတွေက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကို ဘယ်လိုစကားပြောရမလဲဆိုတာ မသိကြဘူး၊ ဦးပဉ္ဇင်းကို ဂုဏ်ပေး အလေးထားရ မယ့် ဘာသာရေးခေါင်ဆောင် အဖြစ်နဲ့ သဘောထားမယ်ဆိုရင်တော့ သူတို့ကို မိတ်ဆွေအဖြစ် အသိမှတ်ပြုမှာပါ”
ဦးဝီရသူဟာ ဘာသာရေးအကြမ်းဖက်မှုအတွက် ထောင်ဒဏ် ၇ နှစ်ကျခံခဲ့ရပေမယ့်လည်း ဗြိတိန်က အစောဆုံး မြန်မာဘုန်းကြီးကျောင်းဖြစ်တဲ့ လန်ဒန်အခြေစိုက် သာသနရမ္မသီ ကျောင်းတိုက်ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တုန်းက ၎င်းကို “ဘာသာရေးလွတ်လပ်ခွင့်”ဆု ချီးမြှင့်ခဲ့ပါတယ်။ အဲဒီကာလမှာ ရန်ကုန်က ဘာသာရေးစာသင် ကျောင်းတွေဟာ ဗလီတွေအဖြစ် ပြောင်းလဲကုန်ပြီိလို့ ဦးဝီရသူက ကောလဟလ ဖြန့်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။
ဦးဝီရသူရဲ့ လွတ်လပ်စွာ ဟောပြောခွင့်လို့ဆိုတဲ့ မွတ်စလင်မုန်းတီးရေးတရားတွေကို သူ့သြဇာခံ တခြားဘုန်းတွေကပါ ဆက်လက် ၀ါဒဖြန့်ချိ ဟောပြောနေကြတာကြောင့် ကျန်ကမ္ဘာ့ အသိုင်းအ၀ိုင်းအနေနဲ့ သတိမူပြီး အရေးတယူဆောင်ရွက်သင့်ပါတယ်။
“တကယ်လို့ ဗမာပြည်က “၉၆၉”လှုပ်ရှားမှုလိုမျိုး အလားတူ မုန်းတီးရေးတရားတွေ၊ သင်္ကေတတွေကို သုံးပြီး ဥရောပက ဂျူးတွေကို သီးသီးသန့်သန့် ဆန့်ကျင်လာမယ်၊ ဟောပြောလာမယ်ဆိုရင်ကော… ဘယ်ဥရောပ အစိုးရကမှ ဒါကို လက်ခံမှာမဟုတ်ပါဘူး၊
ဥရောပသမဂ္ဂရဲ့ အဓိက ပံ့ပိုးကူညီပေးနေတဲ့ နိုင်ငံဖြစ်တာတောင် ဘာကြောင့် EU က ဒီကိစ္စကို အရေးတယူမဆောင်ရွက်ရတာလဲ”လို့ လန်ဒန်စီးပွားရေး တက္ကသိုလ်မှ ဧည့်ပညာရှင် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ မောင်ဇာနည်က ဆိုပါတယ်။
သမ္မတဦးသိန်းစိန်ရော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပါ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကို ကြီးကြီးမားမား
ဆန့်ကျင်ရှုတ်ချတာမျိုး မလုပ်ခဲ့ပါဘူး။ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ကြိုတင် စီမံထားတဲ့ လက္ခဏာတွေရှိကြောင်း တစ်ချို့က ထောက်ပြ ကြပါတယ်။ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားပြောခဲ့တဲ့ ဒီအကြမ်းဖက်မှုတွေကို “လက်ယဉ်တဲ့ အကြမ်းဖက်မှု”လို့ဆိုတာရယ် နောက် ရုန်းရင်းဆန်ခတ်မှုတွေကို ဖြစ်စေတဲ့“၀ါဒဖြန့်လှုံ့ဆော်မှု”တွေရယ်က သံသယပွားစရာပါ။
မကြာခင်က ဘာသာပေါင်းစုံက ပါဝင်တဲ့ လှုပ်ရှားသူတွေဟာ လမ်းမတွေပေါ်မှာ တီရှပ်တွေ၊ စတစ်ကာတွေ ပေးဝေပြီး “ကျွန်ုပ်ကြောင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခမဖြစ်စေရ”ဟူသော သတင်းစကားများကို ဖြန့်ချိရင်း အကြမ်းဖက် အန္တရာယ်ကို တန်ပြန်လာကြပါတယ်။
ဦးဝီရသူလိုပဲ ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ကောလဟလတွေ အလွန်အကျွံဖြန့်ဝေပေးတဲ့ သူတွေဟာ ဒီမိုကရေစီ ဖွံ့ဖြိုးစတိုင်းပြည်ကို
ပြဿနာရှာချင်တဲ့ စစ်အာဏာရှင်တွေရဲ့ အသုံးချခံလေးတွေဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဦးဝီရသူကတော့ သူတစ်ကိုယ်တော် လှုပ်ရှားတာပါလို့
ကာကွယ်ခုခံပါတယ်။
“ဦးဇင်း ယုံကြည်ချက်နဲ့ ဦးဇင်းခံယူချက်နဲ့ ဦးဇင်းရပ်တည်နေတာ၊ အဲဒါကို ကမ္ဘာကြီး သိစေချင်ပါတယ်” လို့ ဆိုပါတယ်။ ဦးပဉ္ဇင်းဝီရသူက ပြီးခဲ့တဲ့လက ဟောပြောခဲ့တဲ့ တရားပွဲမှာတော့ “မွတ်စလင်တွေ လူဦးရေပေါက်ကွဲလာရင် နောက်ဆုံးမှာ တို့တိုင်းပြည်ကို သိမ်းပိုက်သွားလိမ့်မယ်”လို့ မိန့်ကြားခဲ့ပါတယ်။
ပြီးတော့ သူ့ကိုယ်သူ နာမည်ပေးတာကတော့ “ဗမာ ဘင်လာဒင်”ဆိုပဲ။ ဆိုလိုတာကတော့ လက်နက်စွဲကိုင်တိုက်ခိုက်ဖို့ မျက်နှာပြောင် တိုက်ပြောလိုက်တာပါပဲ။ “ဒီတကြိမ် တိုက်ပွဲမှာ အနိုင်ရပြီဆိုရင် မွတ်စလင်တွေရဲ့တခြားပစ်မှတ်တွေကို ဆက်တိုက်ရမယ်” လို့ ဦးဝီရသူက မိန့်ကြားသွားပါတယ်။
ဦးဝီရသူ၏ မုန်းတီးရေးဝါဒဖြန့်လှုပ်ရှားမှု သမိုင်းအကျဉ်း
  • ၁၉၆၈ – မန္တလေးတိုင်း၊ ကျောက်ဆည်မြို့တွင် မွေးဖွား
  • ၁၉၈၄ – ရဟန်းဝတ်
  • ၂၀၀၁ – မွတ်စလင်စီးပွားရေးများ သပိတ်မှောက်ရေးအပါအ၀င် “၉၆၉”အမျိုးသားရေးလှုပ်ရှားမှုကို စတင် လှုံ့ဆော်၊
  • ၂၀၀၃ – ကျောက်ဆည်မြို့ မွတ်စလင်ဆန့်ကျင်ရေးတိုက်ခိုက်မှုတွင် မုန်းတီးမှု လှုံ့ဆော်စာများဖြန့်ဝေပြီး မွတ်စလင် ၁၀ ဦးသေဆုံးမှုဖြင့် ထောင်ဒဏ် ၂၅ နှစ်ကျခံရ
  • ၂၀၁၀ – အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှ ပြန်လည် လွတ်မြောက်
  • ၂၀၁၂ (ဇွန်) – ရခိုင်ပြည်နယ်တွင် ရခိုင်ဗုဒ္ဓဘာသာနှင့် ရိုဟင်ဂျာ မွတ်စလင်တို့အကြား အကြမ်းဖက်ပဋိပက္ခဖြစ်
  • ၂၀၁၂ (စက်တင်ဘာ) – သမ္မတဦးသိန်းစိန်၏ ရိုဟင်ဂျာများအား တတိယနိုင်ငံသို့ ပေးဆောင်ရေး အဆိုပြုချက်အား ထောက်ခံဆန္ဒထုတ်ဖော်ရာတွင် သံဃာတော်များကို ဦးဆောင်
  • ၂၀၁၂(အောက်တိုဘာ) – ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ အရှိန်အဟုန်ဖြင့် ထပ်မံဖြစ်ပွား
  • ၂၀၁၃ (မတ်လ) – “၉၆၉”စတေကာများ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဖြန့်ချိပြီးနောက် မိတ္ထီလာမြို့မှာ ဘာသာရေး အကြမ်းဖက်မှု ဖြစ်ပြီး လူ ၄၀ ကျော်သေဆုံး၊ ဒုက္ခသည်ပေါင်း ၁၃၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

About MPN

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

No comments:

Post a Comment


Top