ရိုဟင်ဂျာရွာသားအချို့ အကြောင်းပြချက်မရှိ ဖမ်းဆီးခြင်းခံရ
MMM
ပာဆီနာပာ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၎
စစ်တွေမြို့ ခတင်ပိုက်ကျေးရွာမှ ရိုဟင်ဂျာရွာသား ၅ ဦးကို ရဲတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခေါ်ဆောင်သွားတယ် လို့ ဒေသခံ တွေထံမှ သိရပါတယ်။
စစ်တွေ GTC တက္ကသိုလ်အနီး ခတင်ပိုက်ကျေးရွာမှ ရွာသား(၅)ဦးကို ဖေဖော်ဝါရီ ၁ ရက် ညသန်းခေါင်ကျော် ၁ နာရီအချိန်ခန့်တွင် ရရင်ပြင်ရဲကင်းမှ ဒုရဲအုပ် တင်ထွန်းဝင်းနဲ့ တပ်သား တင်ထွန်းတို့က ဖမ်းဆီး ခေါ်ဆောင် သွားတာ ဖြစ်ပါတယ်။ ဖမ်းဆီးရာမှာလည်း အကြောင်းပြချက်မရှိဘဲ ဖမ်းသွားတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဖမ်းဆီးထားသူတွေကို မည်သည့်နေရာတွင် ချုပ်နှောင်ထားမှန်းသတင်း အတိအကျမရသေးဘူး လို့ သိရပါတယ်။
“ကျွန်တော်တို့စုံစမ်းချက်အရတော့ ဒုရဲအုပ် တင်ထွန်းဝင်းက စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူး အောင်သာဝင်းက ခေါ်ခိုင်းတယ်လို့ ပြောပါတယ်။ သူက ဒုရဲအုပ်တင်ထွန်းဝင်းကို အမိန့်ပေးတယ်လို့ သိရပါတယ်။ ပြီးတော့ ဖမ်းထားတဲ့ သူတွေကို ရဲစခန်းရှိတဲ့ ရခိုင်ရွာကိုခေါ်ပြီး နှိပ်စက်တယ်။ မနက်မှ စစ်တွေမြို့နယ် အမှတ်(၁၁) ရဲစခန်းကို ခေါ်သွားတယ်လို့ကြားတယ်။ အတိအကျ မသိရသေးဘူး”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး နောက်ကွယ်မှ ခိုင်းစေသူမှာ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးအောင်သာဝင်း ဖြစ်တယ်လို့ ဒေသခံတွေက သံသယရှိနေကြပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာရွာသားတွေကို ဖမ်းဆီးချိန်မှာလည်း ဒုရဲအုပ်တင်ထွန်းဝင်းက “နောက်အများကြီး ဖမ်းစရာရှိသေးတယ်။ မင်းတို့ သတိထားပြီးနေ” လို့ ပြောသွားကြောင်း ဒေသခံတွေက ဆိုပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသူတွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေက ဖမ်းဆီးထားသူတွေကို သတ်ပစ်လိုက် မှာ စိုးရိမ်နေကြပါတယ်။ ခတင်ပိုက်ကျေးရွာမှ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူတွေကတော့-
(၁) အဒူဟာဒိရ်(ဘ) ဦးဟာမိရ် ၄၅နှစ်
(၂) ရှကူး (ဘ) နီရာဟူစိန် ၄၀နှစ်
(၃) အီနွတ် (ဘ) အလီယာရ် ၄၀နှစ်
(၄) ရှောဖီ (ဘ) ယာစင် ၃၅နှစ်
(၅) အဗူကာစင် (ဘ) အဗူရှောမာ ၃၂ နှစ် တို့ဖြစ်ပါတယ်။
No comments: