အမျိုး ဘာသာ သာသနာကို ရှေ့တန်းတင်ပြီး ဒီမိုကရေစီ
ပြည်ထောင်စုတည်ဆောက်လို့ မရပါ
ဇန္နဝါရီ ၁၊ ၂၀၁၂
အောင်တင်
မိမိသာသနာကို ချီးမြှင့်ခြင်းက သူတစ်ပါး သာသနာကို မနှိမ့်ချသရွေ့
ကောင်းပါတယ်။ ဗုဒ္ဓသာသနာကို အာရှတစ်ခွင်မှာ ဖြန့်ချိဖို့ သာသနာပြုများစေလွှတ်ခဲ့သူ
သီရိဓမ္မာသောကမင်းကြီးရဲ့ ကျောက်စာအမှတ်(၁၂)မှာ သူတစ်ပါးတွေရဲ့ သာသနာကို
လေးစားဖို့သာမက ချီးမြှင့်ဖို့၊ အထောက်အကူပေးဖို့ပါ အတိအလင်း ရေးထိုးထားပါတယ်။
ရှေးဦးသာသနာပြု ရဟန်းတွေက သူတစ်ပါး သာသနာတွေကို လေးစားတတ်လို့သာ ဘာသာခြားတွေက
ဗုဒ္ဓဘာသာရဲ့ သင်ကြားချက်ကို ကြည်ကြည်သာသာ နားထောင်ခဲ့ကြ၊ လက်ခံခဲ့ကြပြီး ဗုဒ္ဓသာသနာ
ပြန့်ပွါးခဲ့တာပါ။ သူတစ်ပါး သာသနာကို အထင်သေး စော်ကားမယ်ဆိုရင် ဘာသာခြားတွေက
ဘယ်လိုလုပ် ဗုဒ္ဓသာသနာရဲ့ သင်ကြားချက်ကို နားထောင်ချင်ကြမှာလဲ။ လက်ခံလာဖို့က
အဝေးကြီးပါ။ ထိုနည်းတူ အမျိုးကို စောင့်ထိမ်းခြင်း အမျိုးကို
ဂုဏ်ယူခြင်းဆိုတာကလည်း သူတစ်ပါးလူမျိုးကို အထင်မသေးနေသရွေ့၊ မတိုက်ခိုက်
မရှုံ့ချနေသရွေ့ လုပ်သင့်ပါတယ်။
လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနေထိုင်တဲ့ မြန်မာနိုင်ငံမှာ
အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ ကိုယ့်လူမျိုးမှ လူမျိုး၊ ကိုယ်သာသနာမှ သာသနာ၊
ကိုယ့်ဘာသာစကားမှ ဘာသာစကားဆိုတဲ့ ကျဉ်းမြောင်းတဲ့အမြင်နဲ့ ပြည်ထောင်စုနိုင်ငံကို
တည်ဆောက်လို့ မရဘူးဆိုပြီး လွန်ခဲ့တဲ့ (၆၆)နှစ် ပင်လုံစာချုပ် မချုပ်ဆိုမီမှာဘဲ
အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ စကားကို ဗိုလ်ချုပ်အောင်ဆန်းက အတိအလင်း
ပယ်ချပြီးဖြစ်ပါတယ်။
မြန်မာတွေက နိုင်ငံရေး၊ ပြည်ထောင်စုရေးမှာ မြန်မာလူမျိုးနှင့်
ဗုဒ္ဓဘာသာကို ရှေ့တန်းတင်လာရင် ကချင်လူမျိုးကလဲ ကချင်လူမျိုး၊ ခရစ်ယာန်ဘာသာ၊ အလားတူ
လူမျိုးအသီးသီးက မိမိလူမျိုး၊ မိမိဘာသာကို ရှေ့တန်းတင်လာကြမှာဘဲ။ ဒီလို
ကိုယ့်လူမျိုး ကိုယ့်ဘာသာကို ထိပ်တင်လာကြတန်းဆိုရင် အချုပ်အခြာအာဏာ
တည်တံ့ခိုင်မြဲပြီး စည်းလုံးညီညွတ်တဲ့ ပြည်ထောင်စုနိုင်ငံကို ဘယ်လိုလုပ်
တည်ဆောက်နိုင်ကြမှာလဲ။ ၂၁ရာစုမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ချစ်ကြည်စွာနေထိုင်တဲ့
ခေတ်မီတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကို ဘယ်လိုမှ တည်ဆောက်လို့
မရနိုင်ဘူးဆိုတာကို သိထားသင့်ကြပါတယ်။ မိမိလူမျိုး၊ မိမိသာသနာကို လေးစား
ဂုဏ်ယူခြင်းကို အပစ်တင်နေတာ မဟုတ်ပါဘူး။ နိုင်ငံရေးမှာ လူမျိုးရေး ဘာသာရေးကို
ရှေ့တန်းမတင်သင့်ကြောင်းကိုသာ အလေးအနက်ထား ထောက်ပြနေခြင်းဖြစ်ပါတယ်။
ဗိုလ်ချုပ်ဂမ်တောင်ဂမ်ရှောင်က တိုင်းရင်းသားဒေသတွေမှာ
မူးယစ်ဆေးဝါးစွဲပြီး တိုင်းရင်းသားလူမျိုးတွေ မျိုးပြုတ် ပျက်စီးအောင် စနစ်တကျ
လုပ်ဆောင်နေတာကိုလည်း ထောက်ပြသွားတယ်။ နောက်ထူးခြားချက်တစ်ခုက သူတို့ဖမ်းမိတဲ့
မြန်မာစစ်သားတွေကို ပြန်ပေးပေမဲ့ မြန်မာ့တပ်မတော်က လက်မခံဘူးဆိုတာကိုလဲ
ပြောသွားတယ်။ တပ်မတော်သားတွေဟာ ရှေ့တန်းက အသေခံတွေပါ။ သူတို့ကို
ဖြစ်ချင်ရာဖြစ်ဆိုပြီး ပြန်လက်မခံတာကတော့ မိမိတပ်မတော်သားတွေအပေါ်မှာ ရက်စက်လွန်းရာ
ကျမနေဘူးလား။ KIA က သတ်မပစ်လို့သာပါ။ သတ်ပစ်ရင် အရိုးဆွေးလောက်ပြီ။
အောင်တင်
ဇန္နဝါရီ ၁၊ ၂၀၁၂
KIA ဗိုလ်ချုပ် ဂမ်တောင် ဂမ်ရှောင်(Gen. Gunhtang Gam Shawng) ရဲ့
အင်တာဗျူးကို နားထောင်ကြည့်ပါ။
No comments: