ရခိုင် စုံစမ်းရေးအဖွဲ့မှာ အဖွဲ့ဝင်ဘယ်နှစ်ဦးလဲ ? (၂၇)ဦးလား
? (၂၅)ဦးလား ?
ဇန်နဝါရီ
၎ ၊ ၂၀၁၂M-Media
မောင်လျောက် (မြန်မာမြေ)
ရခိုင်ပြည်နယ်စုံစမ်းရေးအဖွဲ့မှာ အဖွဲ့ဝင်ဘယ်နှစ်ဦးလဲ ? (၂၇)ဦးလား ? (၂၅)ဦးလား ? သမ္မတပြောတာ အမှန်လား ? စုံစမ်းရေးကော်မရှင်ကပြောတာ အမှန်လား ?

ရခိုင်ပြည်နယ်စုံစမ်းရေးကော်မရှင်ကို နိုင်ငံတော်သမ္မတဦးသိန်းစိန်က (၁၇.၈.၂ဝ၁၂)ရက်နေ့မှာ (၂၇)ဦးနဲ့ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။ (ကြည့် … သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် (၅၈/၂ဝ၁၂) ) အဲဒီကော်မရှင်မှာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး(၃)ဖွဲ့က (၆)ဦးကို အဖွဲ့ဝင်များအဖြစ် တာဝန်ပေးခဲ့ပါတယ်။
(၁.၁၁.၂ဝ၁၂)ကြာသပတေးနေ့တွင် ကော်မရှင်မှာပါဝင်တဲ့ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်က ဥက္ကဋ္ဌဟာဂျီဦးညွန့်မောင်သျှိန်နဲ့ အတွင်းရေးမှူးဟာဂျီ ဦးတင်မောင်သန်းတို့ကို ကော်မရှင်က ထုတ်လိုက်ပြီဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့၏ ညွှန်ကြားချက်အရ Myanmar Egress ရဲ့ ရုံးအဖွဲ့မှူး အငြိမ်းစား ဗိုလ်မှူးထန်ကျင်ထောင်းက ဖုန်းဆက်ပြီးပြောကြောင်း ကာယကံရှင်များနှင့်နီးစပ်သူ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဟာဂျီဦးမြင့်ထွန်း၏ ပြောကြားချက်အရ သိရှိရပါသည်။
ဟာဂျီဦးညွန့်မောင်သျှိန်နဲ့ ဟာဂျီဦးတင်မောင်သန်းတို့ ကော်မရှင်စည်းကမ်းကို ဖောက်ဖျက်တဲ့ အတွက် ကော်မရှင်ကထုတ်ကြောင်း ကော်မရှင် အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်နဲ့ ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြတဲ့ ဦးသူရ(ခ) ဇာဂနာနဲ့ ဒေါ်ဝါဝါထွန်းတို့ရဲ့ ပြောကြားချက်များကိုလည်း ဂျာနယ်များမှာ ဖတ်ရပါတယ်။
ယနေ့တိုင် သူတို့ကို ကော်မရှင်ကထုတ်ကြောင်း တရားဝင်အကြောင်းကြားစာ လက်ခံရရှိခြင်း မရှိသေးကြောင်း ဟာဂျီဦးညွန့်မောင်သျှိန်နဲ့ ဟာဂျီဦးတင်မောင်သန်းတို့နှင့် နီးစပ်သူများထံမှ သိရပါတယ်။ ကြားဖြတ် အစီရင်ခံစာတင်ဖို့ အစည်းအဝေးသို့လည်း ဟာဂျီဦးညွန့်မောင်သျှိန်နဲ့ ဟာဂျီဦးတင်မောင်သန်းတို့ကို ဖိတ်ကြားခြင်းမရှိကြောင်းသိရပါတယ်။
သို့သော်လည်း (၂ဝ.၁၁.၂ဝ၁၂)နံနက်(၁ဝး၎ဝ) နာရီတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က အင်ဒိုနီးရှားနိုင်ငံသမ္မတနှင့် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌တွေ့ဆုံဆွေးနွေးရာတွင် ရခိုင်အရေးကိစ္စနှင့် စပ်လျဉ်း၍လည်း အဖွဲ့ဝင်(၂၇)ဦးပါ စုံစမ်းရေးအဖွဲ့ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်ကို (၂၁.၁၁.၂ဝ၁၂)ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖတ်ရှုရပါသည်။
သို့ရာတွင် (၃၁.၁၂.၂ဝ၁၂)ရက်နေ့ထုတ် The Messenger အတွဲ(၃) အမှတ်(၃၂) စာမျက်နှာ (D3)တွင် “ဇန်နဝါရီလ ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ်ကိုသွားမှာက အဖွဲ့ဝင်(၂၅)ဦးစလုံး သွားရမှာပါ”ဟု ဦးသူရ(ခ)ဇာဂနာက ပြောသည့်သတင်းကို ဖတ်ရပါသည်။
ဒါကြောင့် ကျွန်တော်သိချင်တာက “ ရခိုင်ပြည်နယ်စုံစမ်းရေးအဖွဲ့မှာ အဖွဲ့ဝင်ဘယ်နှစ်ဦးလဲ ?
(၂၇)ဦးလား ? (၂၅)ဦးလား ? သမ္မတပြောတာအမှန်လား ? စုံစမ်းရေးကော်မရှင်ကပြောတာအမှန်လား ? ”
သမ္မတရဲ့ အထက်မှာ ဘယ်သူတွေရှိနေတာလဲဆိုတာလေးပါ။ သိတဲ့သူရှိရင် ဖြေကြားပေးစေလိုပါတယ်။
ကျေးဇူးတင်ပါသည်။

 
 Posts
Posts
 
 
 
 
No comments: