ဆောင်းပါးရှင်- ဦးဦးမှော်ဆရာ
၁၉၃၀ ၀န်းကျင်လောက်မှာ ဂျာမနီမှာ ဂျူးလူမျိုးဦးရေ ၆ သိန်းကျော်ရှိပြီး၊ ဒါဟာ တနိုင်ငံလုံးလူဦးရေရဲ့ ၁% သာ ရှိပါတယ်။ ဂျာမန်ဂျူးတွေဟာ သူတို့ကိုယ်သူတို့ ဂျာမနီနိုင်ငံသားဖြစ်ရတာကို ဂုဏ်ယူလေ့ရှိပြီး၊ သူတို့လူမျိုးတွေထဲက အလွန် ကျော်ကြားတဲ့ ကဗျာဆရာတွေ၊ စာရေးဆရာတွေ၊ အနုပညာရှင်တွေ မြောက်မြားစွာ ပေါ်ထွန်းခဲ့တာပါ။ ဒါတင်မကသေးဘူး။ ပထမကမ္ဘာစစ်ကြီးမှာ ဂျာမန်ဂျူး ၁ သိန်းကျော်ဟာ ဂျာမနီစစ်တပ်ထဲ ၀င်ရောက် အမှုထမ်းခဲ့ပြီး အဲဒီထဲက မြောက်မြားစွာသော ဂျူးစစ်သားတွေဟာ သူရဲကောင်းဘွဲ့တံဆိပ်တွေ ချီးမြှင့်ခံရတဲ့ အထိ တိုင်းပြည်တာဝန် စွမ်းစွမ်းတမံထမ်းဆောင် ခဲ့ကြပါတယ်။
ဒါ့အပြင် ဂျာမန်ဂျူးလူမျိုးတွေဟာ အစိုးရဌာနတွေမှာလည်း ၀င်ရောက်အမှုထမ်းနေသလို၊ တက္ကသိုလ်တွေမှာလည်း ဆရာများအဖြစ် အမှုထမ်းနေခဲ့ပါတယ်။ ၁၉၀၅ ခုနှစ်ကနေ ၁၉၃၆ ခုနှစ်အတွင်း နိုဘဲလ်ဆုရခဲ့တဲ့ ဂျာမနီနိုင်ငံသား သိပ္ပံပညာရှင်နဲ့ အနုပညာရှင် ၃၈ ဦး ရှိတဲ့ထဲမှာ ဂျာမန်ဂျူး ၁၄ ဦး ပါဝင်တဲ့အထိ ဂျူးတွေဟာ ဂျာမနီနိုင်ငံအတွက် ဂုဏ်ဆောင်ခဲ့တာပါ။ လူမှုဘ၀နဲ့ စီးပွားရေးနယ်ပယ်တွေမှာ ဂျာမန်ဂျူးတွေအပေါ် ခွဲခြားဆက်ဆံမှု တချို့တလေ ရှိပေမဲ့လည်း သူတို့ကိုယ်တိုင်ရဲ့အနာဂတ်ကို ဂျာမနီနိုင်ငံမှာပဲ မြှုတ်နှံထားဖို့ ဆုံးဖြတ်ထားကြပါတယ်။ (ဒါကပဲကိုယ့်သေတွင်း ကိုယ်တူးမိသလား မပြောတတ်ဘူး) သူတို့ဟာ ဂျာမန်စကား ကိုသာပြောပြီး ဂျာမနီကို ကိုယ့်အိမ်လိုပဲ သဘောထားခဲ့ကြပါတယ်။
၁၉၃၃ ဇန်န၀ါရီလ ၃၀ ရက်နေ့ နာဇီပါတီအာဏာရလာပြီးနောက်ပိုင်းမှာ နာဇီပါတီခေါင်းဆောင်တွေဟာ ဂျာမန်ဂျူးတွေ ကို အလုံးစုံဆန့်ကျင်တိုက်ခိုက်ဖို့ ကျိတ်ပြီးဆုံးဖြတ်ခဲ့ပါတယ်။ ဒီအစီစဉ်အရ လူထုတွေပါ လက်ခံပါဝင်လာအောင်လုပ်ရမဲ့ လုပ်ငန်းစဉ်တွေထဲမှာ အရေးအကြီးဆုံးအဖြစ် မီဒီယာကိုသုံးပြီး ၀ါဒမှိုင်း တိုက်ခဲ့ပါတယ်။ ထိလွယ်ရှလွယ်ဖြစ်စေတဲ့ အကြောင်းအရာတွေကို စီကာပတ်ကုံး ရေးသားလှုံ့ဆော်ထားတဲ့ ဂျူးမုန်းတီးရေးစာတွေ လှိုင်လှိုင်ထုတ်ဝေခဲ့ပြီး၊
လူကြီးရော ကလေးတွေပါ အံ့သြစရာကောင်းလောက်အောင် နာဇီဝါဒမှိုင်းတိုက်မှုအောက် ကျရောက်ခဲ့ပါတယ်။ နိုင်ငံ့သမိုင်းတလျောက် ဂျာမန်များ နဲ့ ဂျူးများ တသားတည်းနေခဲ့ကြပေမဲ့လည်း ဖက်ဆစ်နာဇီပါတီရဲ့ ဂျူးမုန်းတီးရေး ၀ါဒမှိုင်းတိုက်ခဲ့မှုကြောင့် သူစိမ်းပြင်ပြင် ဖြစ်သွားခဲ့ကြတယ်။ (ဒီအကြောင်းကို ကျနော့်ဆောင်းပါး အပိုင်း-၁ မှာ ဖေါ်ပြ ခဲ့ပြီးပါပြီ။)
၁၉၃၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာတော့ နာဇီပါတီဝင်တွေဟာ ဂျူးစီးပွားရေးလုပ်ငန်းတွေ အသက်မွေး ၀မ်းကျောင်းမှု လုပ်ငန်းတွေကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆန့်ကျင်သပိတ်မှောက်ဖို့ စတင်ဆော်သြ ခဲ့ပါတော့တယ်။ ဒီသပိတ်မှောက်မှုဟာ ဂျာမန်-ဂျူး အဓိကရုန်းတွေဖြစ်ပွားစေပြီးဖို့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပြီး၊ ဂျူးမုန်းတီးရေး လှုံ့ဆော်စာတွေကိုလည်း ပြောင်ပြောင်တင်းတင်း ဖြန့်ဝေခဲ့ပါတယ်။ ဂျာမန်-ဂျူး အဖွဲ့အစည်းကြီးက တရားဥပဒေအရ အကာကွယ်ယူနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့၊ ဂျူးလူမျိုး နှိပ်ကွပ်ရေးဟာ အစိုးရကိုယ်တိုင်ရဲ့ မူဝါဒဖြစ်နေတဲ့အတွက် လျစ်လျူရှုခံခဲ့ရပါတယ်။ (ကျနော်တို့ဆီမှာ `သမ္မတကြီးဆီသို့ အိတ်ဖွင့်ပေးစာ´ မျိုးထင်ပါ့)။
နောက်ပြီး ၁၉၃၃ မေလမှာ `ဂျာမနီ အစိုးရ၀န်ထမ်းများ ပြင်ဆင်ခန့်အပ်တဲ့ ဥပဒေတစ်ရပ် ထုတ်ပြန်လိုက်ပြီး ဂျူးလူမျိုး ၀န်ထမ်းတွေကို အကြောင်းပြချက်မရှိ အလုပ်တွေက ထုတ်ပယ်လိုက်ပါတယ်။ ဒီဥပဒေအရ မိမိရဲ့ အဘိုးအဘွားထဲမှာ ဂျူးတစ်ယောက်ပါခဲ့ရင်တောင် ဂျူးလူမျိုးအဖြစ် သတ်မှတ်တာပါ။ အဲဒီနောက်ပိုင်း ဂျူးလူမျိုးတွေရဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေအားလုံး တစတစရပ်တန့်သွားပါပြီ။ ဂျူးလူမျိုး ၀န်ထမ်းများ အသိပညာရှင် အတတ်ပညာရှင်များ၊ ဆရာ ဆရာမများကို အလုပ်မှ အကြောင်းမဲ့ထုတ်ပယ် ကြပါပြီ။ ဒါဟာ “သွေးဖြင့်`နိုင်ငံသား´ သတ်မှတ်မှု” ဆိုတဲ့ ခေါင်းစဉ်အောက်က ရလဒ်တခုပေါ့ဗျာ။
ဂျာမန်မျိုးချစ်များဆိုသူတွေနဲ့ နာဇီပါတီဝင်တွေဟာ ဂျူးလူမျိုးပိုင် ဆိုင်ခန်းတွေ၊ စတိုးဆိုင်တွေ၊ ဆေးခန်းတွေ၊ ရှေ့နေ ရုံးခန်းတွေရှေ့မှာရပ်ပြီး `ဂျူးတွေဆီက ဘာမှမ၀ယ်ရ´၊ `ဂျူးလူမျိုးတွေဟာ ဂျာမနီကို ကြမ္မာဆိုးတွေ သယ်ဆောင်လာတဲ့ သူတွေ´ ဆိုတဲ့ စာတမ်းတွေကိုင်ဆောင်ပြီး စောင့်ကြပ်နေခဲ့ပါတယ်။ ဒါ့ပြင် ဂျူးလူမျိုး ဆိုင်တွေ၊ ရုံးခန်းတွေ၊ အိမ်တွေအားလုံးကို `ဒေးဗစ်ရဲ့ ကြယ်´လို့ခေါ်တဲ့ ဂျူးအမှတ်တံဆိပ်ကို လိုက်လံရေးဆွဲပြီး ကွဲကွဲပြားပြား သိသာထင်ရှားအောင် ပြုလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့တဖြေးဖြေး နိုင်ငံတ၀ှမ်းလုံး အမျိုးသားရေး ခေါင်းစဉ်တပ်ပြီး ဂျူးလူမျိုးများကို ကိုယ်ထိလက်ရောက်တိုက်ခိုက်ခြင်း၊ ဂျူးပိုင်အိမ်တွေ၊ ဆိုင်ခန်းတွေကို တိုက်ခိုက်ဖျက်ဆီးခြင်း၊ ဂျူးလူမျိုးများနဲ့ ဆက်ဆံနေဆဲ ဂျာမန်များကို သစ္စာဖေါက်များအဖြစ် သတ်မှတ်ပြီး အပြစ်ပေးခြင်းတွေ လုပ်လာပေမဲ့ တရားဥပဒေရဲ့ အကာကွယ်ပေးမှုကို ဂျူးတွေမရခဲ့ပါဘူး။
ဒီကြားထဲ နာဇီပါတီအာဘော် သတင်းစာတွေက `ပြည်သူ့တိုက်ပွဲ´ ဆိုတဲ့ ခေါင်းစဉ်ကြီးတပ်ပြီး ဗြောင်ကျကျ မီးလောင်ရာ ဓါတ်ဆီလောင်းပေးပါတော့တယ်။ “ပြည်ပမှ ဂျူးအဖျက်သမားများရဲ့ လုပ်ရပ်ဆိုးများကို ကာကွယ်ခြင်း” လို့ နားထောင်ကောင်းအောင် သုံးထားပါသေးတယ်။ “လူထုအစည်းဝေးကြီးမှ ဂျူးလူမျိုးများကို ဆန့်ကျင်ကြောင်း ကြေငြာချက်” ၊ “ဂျူးလူမျိုးများကို ဆန့်ကျင်ကြ” ၊ “တိုက်ပွဲကို ရှောင်လွဲလို့ မရနိုင်တော့ပါ” .. စသဖြင့် လူမျိုးရေး လှုံ့ဆော်စေတဲ့ ခေါင်းစည်းတွေနဲ့ ပြောင်ပြောင် တင်းတင်း ထုတ်ဝေလာပါတယ်။ ဒါ့ပြင် နိုင်ငံတကာက စာနယ်ဇင်းတွေမှာ ဂျာမန်ဂျူးတွေ ဖိနှပ်ခံနေရတဲ့အကြောင်း ဖေါ်ပြနေကြလို့ ဂျာမနီနိုင်ငံတော် ကြီးကို သိက္ခာကျအောင် ရေးသားမှုများအတွက် လက်တုန့်ပြန် ကလှည့်စားချေရမယ်လို့လည်း ၀ါဒဖြန့်ပါသေး တယ်။ ဒီလိုလုပ်ဆောင်ရာမှာ လူမျိုးရေးမုန်းတီးမှုအပြင် ဘာသာရေးအရ မုန်းတီးဆန့်ကျင်စေရန် လည်း ၀ါဒဖြန့်ခဲ့တာပါ။
ဧပြီ ၁ ရက်နေ့ ဂျူးဆန့်ကျင်ရေး စတင်စဉ်က သူတို့ရဲ့ရည်ရွယ်ချက်က ဂျာမနီမှာရှိတဲ့ ဂျူးလူမျိုးစီးပွားရေး လုပ်ငန်းတွေ ပြိုလဲသွားဖို့ဆိုတဲ့ ရည်ရွယ်ချက်သာရှိသေးတာပါ။ အစပိုင်းမှာတော့ တပြည်လုံးအတိုင်းအတာနဲ့ ဂျူးဆန့်ကျင်ရေး လုပ်ဆောင်ဖို့ ဒေသဆိုင်ရာနာဇီပါတီတစ်ခုက ဦးဆောင်လှုံ့ဆော်မှုသက်သက်နဲ့ လုပ်ခဲ့တာဖြစ်ပြီး၊ ဂျာမန်ပြည်သူ အများစုက ပုံမှန်အတိုင်းပဲ ဂျူးဆိုင်တွေမှာဝယ်မြဲ၊ ဂျူးတွေနဲ့ဆက်ဆံဆဲ ဖြစ်နေပါသေးတယ်။ နောက်ပိုင်း အစိုးရ ကိုယ်တိုင် အတိအလင်းပါဝင်လာတော့ ရည်ရွယ်ချက်တွေ ပိုမိုကြောက်စရာကောင်းလာပြီး၊ ဂျူးလူမျိုးတွေ အားကိုးရာမဲ့ ဘ၀ရောက်အောင်၊ အဘက်ဘက်က အသက်ရှင်ရပ်တည်ရန် ခက်ခဲလာပြီး နေရပ်စွန့်ခွာသွားအောင်၊ အဆုံးစွန်ထိ ဖေါ်ပြရရင်တော့ ဂျာမနီနိုင်ငံမှာရော ကမ္ဘာပေါ်ကပါ ဂျူးလူမျိုးများ လုံးဝပပျောက်သွားစေရန်ထိ ရည်ရွယ်ချက်တွေ ထားလာ ပါတော့တယ်။ ပုံမှန်ဦးနှောက်ရှိသူအတွက်ဆိုရင် ဒီလိုတွေဖတ်ရတော့ `ဂျာမန်တွေ ရူးနေလား´ လို့ တွေးပြီး ရယ်စရာကောင်းနေပါလိမ့်မယ်။ ဒါပေမဲ့ သေချာတွေးကြည့်တဲ့အခါ နာဇီဝါဒဖြန့်ချိမှုရဲ့ ထိရောက်ပြီး ကြောက်စရာ ကောင်းပုံကို သတိပြုမိပါလိမ့်မယ်။ နှစ်ပေါင်းများစွာ တမြေတည်းနေ တရေတည်းသောက်၊ ဒိုးတူဘောင်ဖက်နေလာ သူတွေ အချင်းချင်းကြားမှာ လူမျိုးမတူလို့ ၊ ဘာသာမတူလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကမ္ဘာပေါ်က ပျောက်ကွယ်သွားတဲ့ အထိလုပ်ချင်တဲ့ ဆန္ဒတွေဖြစ်လာအောင် အမှန်တကယ် လုပ်ဆောင် နိုင်ခဲ့ပါတယ်။
နိဂုံးချုပ်အနေနဲ့ ကျနော်ပြောချင်တာက ဒီလုပ်ရပ်တွေဟာ ရူးသွပ်နေသူတွေရဲ့ လုပ်ရပ်တွေသာ ဖြစ်သလို၊ ဒီနေ့ခေတ်ကြီးမှာ ဘယ်လိုနည်းနဲ့မှ အောင်မြင်မဲ့လုပ်ရပ်တွေလည်း မဟုတ်ပါဘူး။ မကြာခင် အရှက်တကွဲ ကျရှုံးသွားရမှာပါ။ သို့ပေမဲ့လည်း `ခွေးလှေးခုန်လို့ ဖုန်မထပါဘူးကွာ´ဆိုပြီး ဂရုမစိုက်ဘဲ နေ နေလို့ မရပါဘူး။ သမိုင်းကြောင်းမှာ ငါတို့ ဘယ်လို သွေးစည်းစွာ ရပ်တည်ခဲ့တယ်ဆိုတဲ့ ရှင်ပြုတုန်းက ရွှေထီးဆောင်းခဲ့တဲ့ အဖြစ်အပျက်တွေကို စားမြှုံ့ပြန်ရင်း ငါတို့ကိုတော့ မလုပ်လောက်ပါဘူး လို့ စိတ်ချနေလို့ မရပါ။ အရူးတသိုက်ရဲ့ လုပ်ရပ်ဆိုးက ကျန်တဲ့ ပြည်သူတွေအပေါ် အနည်းနဲ့အများ သက်ရောက်မှုရှိမှာပါ။ ကျန်တဲ့ ပြည်သူတွေက ကိုယ့်အပေါ် အမြင်မစောင်းစေရန် တတ်နိုင်သမျှ ရှင်းပြနိုင်ရပါမယ်။ အရေးယူသည်ဖြစ်စေ၊ အရေးမယူသည်ဖြစ်စေ အစိုးရဆီကို အကြောင်းကြားပါ။ နောက်ပြီး တကမ္ဘာလုံးကြားအောင် တတ်နိုင်သမျှ အသံကျယ်ကျယ်အော်ပါ။ ပြည်တွင်းက ဘာသာပေါင်းစုံချစ်ကြည်ရေး ကြိုးပမ်း လုပ်ဆောင်နေတဲ့ ဘာသာရေးခေါင်းဆောင်တွေကို ပံ့ပိုးကြရပါမယ်။ တစ်ခုသတိထားရမှာက ဒီနေရာမှာ ဒေါသ အလျောက် မတုန့်ပြန်သင့်ပါ။ သူတို့ဒီလိုလုပ်လို့ ကိုယ့်ဘက်က ဘယ်လိုတုန့်ပြန်မယ်ဆိုတဲ့ အတွေးမျိုး တတ်နိုင်သမျှ ဖျောက်ရပါမယ်။ ဆိုးသွမ်းတဲ့လုပ်ရပ်တွေဟာ လုပ်ဆောင်နေသူတစ်စုနဲ့သာ သက်ဆိုင်ပြီး လူအားလုံးကို ကိုယ်စားမပြုဘူးဆိုတာ အမြဲသတိချပ်သင့်ပါကြောင်း …
(ကျနော့်ရဲ့ ပထမဆောင်းပါးမှာ အလွန်ရှည်သွားတဲ့အတွက် ဖြုတ်လိုက်ရတဲ့ အပိုင်းကို ပြန်တင်လိုက်တာပါ။ ပုံတွေ စုံစုံလင်လင်ကြည့်လိုပါက ကျနော့် FB WALL ပေါ်မှာ Album တစ်ခုလုပ်ထားပါတယ်။ မြန်မာပြည်က လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှုတွေကိုပါ တခါတည်း တင်ပေးထားပါတယ်။ ဒီလင့်မှာသွားကြည့်နိုင်ပါတယ်။
>>> https://www.facebook.com/media/set/?set=a.442217339182799.102180.100001836114921&type=1 )
ဆောင်းပါး (အပိုင်း-၁) ကိုပြန်ဖတ်လိုပါက ဒီနေရာမှာ ဖတ်နိုင်ပါတယ်။
No comments: