ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5



ရခိုင်ပြည်လုံးဆိုင်ရာ ရခိုင်လူငယ်ဖိုရမ် ဆွေးနွေးပွဲ အောင်မြင်စွာကျင်းပပြီးစီး
==========================================
မြန်မာနိုင်ငံ တိုးတက်ပြောင်းလဲလာသည့်အချိန်ကာလတွင် ရခိုင်လူငယ်များလည်း မိမိတို့ရခိုင်ပြည်နယ်၏ လိုအပ်ချက်များနှင့် ပြုပြင်ပြောင်း လဲရေးအခမ်းကဏ္ဍများ၌ တစ်စုတစ်စည်းတည်း စည်းလုံးညီညွှတ်စွာ လုပ်ဆောင်တတ်လာရန် ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်များတွေ့ဆုံပွဲတစ်ရပ်အနေဖြင့် ရခိုင်လူငယ်များ ဖိုရမ်တစ်ခုကို စစ်တွေမြို့တွင် နိုဝင်ဘာ ၃၀ရက်နေ့မှ ဒီဇင်ဘာ ၂ရက်နေ့အထိ ၃ရက်တိုင်တိုင် ကျင်းပခဲ့သည်။


ယခုတွေ့ဆုံဆွေးနွေးပွဲဖိုရမ်ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ၀ံလက်မှ အဓိက ကမကထပြုလုပ်လျက် ရခိုင်တစ်ပြည်နယ်လုံးရှိ ၁၆မြို့နယ်မှ လူငယ် ကိုယ်စားလှယ်များအပါအ၀င် ရန်ကုန်မြို့မှ ရခိုင်လူငယ်ကိုယ်စားလှယ်များ အားလုံးစုစုပေါင်း ၃၈ ဦးတက်ရောက်လာနိုင်အောင်ဆောင်ရွက်ပေးခဲ့ပြီး ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ဗဟိုကော်မတီဝင်များ၊ အတတ်ပညာရှင်၊ အသိပညာရှင်များနှင့် မြို့မိမြို့ဘများကလည်း လေ့လာ သူများအဖြစ် ရခိုင်လူငယ်များ ဆွေးနွေးဖလှယ်နေမှုများကို တက်ရောက်နားထောင်ခဲ့ကြသည်။

“ရခိုင်လူငယ်တွေရဲ့ အသံက ပျောက်နေကြပါတယ်။ ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ မြို့နယ် (၁၇)မြို့နယ်၊ ချင်းပြည်နယ် ပလက်ဝမြို့ထဲက ရခိုင်လူငယ် ကိုယ်စားလှယ် ခမီးအမျိုးသား ကိုယ်စားလှယ်အပါအဝင် ရန်ကုန်မှာရှိတဲ့ ကျွန်တော်တို့ ကိုယ်စားလှယ် (၂)ယောက် အားလုံး(၁၉) မြို့နယ် ပုံစံမျိုးနဲ့ အားလုံးပေါင်း ၃၈ ယောက်တက်ရောက်ပါတယ်။ ဒီဖိုရမ်ကျင်းပပေးရတဲ့ ရည်ရွယ်ချက်ကတော့ ရခိုင်လူငယ်တွေ ပြောဆိုချင်တဲ့ အသံတွေကို ကျွန်တော်တို့ လွှတ်တော်မှာလည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်မှာလည်းကောင်း တင်ပြနိုင်ဖို့အတွက်၊ ရခိုင်လူငယ်တွေရဲ့ ရင်ထဲမှာ ခံစား နေရတာ၊ ထုတ်ဖော်ပြောဆိုချင်တာတွေကို တစ်နေရာတည်းမှာ ဆုံစေပြီးတော့ ရခိုင်နဲ့ ပတ်သက်တဲ့ အချက်အလက်၊ မြန်မာတစ်နိုင်ငံလုံးနဲ့ ပတ်သက် တဲ့ အချက်အလက်တွေ၊ ရခိုင်ပြည်မှာ လိုအပ်တဲ့ အခွင့်အရေးတွေကို ဖေါ်ထုတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကမကထ ပြုလုပ်ရတာ ဖြစ်တယ်။”ဟု ၀ံလက်ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ကိုခိုင်ကောင်းစံက ပြောသည်။

ဖိုရမ်ကျင်းပသည့် ၃ရက်တာတွင် ပထမနေ့၌ မြို့နယ်အသီးသီးမှတက်ရောက်လာကြသော ရခိုင်လူငယ်ကိုယ်စားလှယ်များအချင်းချင်း မိတ်ဆက်ပြီး ဆွေးနွေးမည့်အကြောင်းများကို ခေါင်းစဉ်များပေးကာ ဒုတိယနေ့နှင့် တတိယနေ့များတွင် ရခိုင်ပြည်နယ် ပညာရေးနှင့် လူငယ်အမြင်၊ ရခိုင်ဒေသ အလုပ် အကိုင် အခွင့်အရေးများနှင့် လူငယ်အမြင်၊ ဌာနေတိုင်းရင်းသား အခွင့်အရေးများနှင့် လူငယ်အမြင်၊ နိုင်ငံရေးအခန်းကဏ္ဍပါဝင်မှု့နှင့် လူငယ်အမြင်၊ ဘင်္ဂလီအရေးအခင်းနှင့် လူငယ်အမြင် စသည့် အကြောင်းအရာ ၅ခုကို အဓိကထားဆွေးနွေးကြသည်။

လူငယ်ဖိုရမ်ကို ရခိုင်တစ်ပြည်လုံးအနေဖြင့်မပြုလုပ်မှီ ရန်ကုန်မြို့အပါအ၀င် ရခိုင်ပြည်နယ် တခြားမြို့နယ်အသီးသီးရှိ လူငယ်များအချင်းချင်း မိမိတို့ဒေသတွင်းဆွေးနွေးမှုများ ပထမပြုလုပ်ခဲ့ပြီးနောက်တွင် ယခုရခိုင်လူငယ်ဖိုရမ်ကို ရခိုင်တစ်ပြည်လုံးအတိုင်းအတာအနေဖြင့် ကျင်းပ ရခြင်း ဖြစ် သည်။

“ဒီဖိုရမ် ဆွေးနွေးပွဲကို ကျွန်တော် အရမ်းအားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာ ဖိုရမ် နဲ့ပတ်သက်ပြီးတော့ အတွေ့အကြုံကလည်း မရှိ၊ အရင်က ပို့ထားတဲ့ အစီရင်ခံတွေလည်း မရှိပါဘူး။ ဒါပေမဲ့လည်း တတ်နိုင်သမျှ ကျွန်တော်တို့ ဒီဖိုရမ်နဲ့ ပတ်သက်ပြီးတော့ ရရှိနိုင်မဲ့ အချက်အလက်တွေကို စုဆောင်းတယ်။ တတ်နိုင်သမျှ ဆွေးနွေးတယ်။ ဒီလိုကိုယ်စားလှယ်အဖွဲ့တွေက တက်ရောက်လာတဲ့အတွက်လည်း အရမ်း ဝမ်းသာပါတယ်။ နောက်တစ်ခုက စစ်တွေမှာရှိတဲ့ အဖွဲ့အစည်းအသီးသီးက လူငယ်တွေက ဒီ Forum ဖြစ်မြောက်ရေးအတွက် ဖြစ်မြောက် ရေးကော်မတီက ပေးတဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြတယ်။ အခု ဘာဖြစ်သွားလဲဆိုတော့ ကျွန်တော်တို့လူငယ်တွေဟာ ရခိုင် တစ်ပြည် လုံး မှာ အရေးကြုံလာရင် ကျရာတာဝန်ကနေ အားလုံး စည်းစည်းလုံးလုံးနဲ့ တစ်ယောက်နဲ့ တစ်ယောက် တိုင်ပင်ပြီးတော့ အပြန်အလှန်လေးစားမှုတွေနဲ့ လုပ်ကြတာဆိုတော့ အနာဂတ်အတွက် အရမ်းဝမ်းသာ ပါတယ်။ ဒီထက်မကလည်း စနစ်တကျ လုပ်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။”ဟု ၀ံလက်ဖောင်ဒေးရှင်းမှ ကိုခိုင်ကျော်မြတ်က ပြောသည်။
စစ်အစိုးရအဆက်ဆက် နိုင်ငံရေးနှင့် အသိပညာဗဟုသုတ အမှောင်ချထားခြင်းခံခဲ့ရသော လူငယ်များသည် ယခုလက်ရှိမြန်မာ့နိုင်ငံရေးတွင် ၀ါရင့်နိုင်ငံရေးသမားကြီးများနှင့် လူငယ်များပူးပေါင်းပါဝင်မှု အလွန်နည်းပါးနေသည့်အတွက် လူငယ်များအား လူကြီးများအနေဖြင့် မိမိတို့နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးအခန်းကဏ္ဍတွင် လက်တွဲခေါ်ဆောင်သွားရန်လိုအပ်နေသည်ဟု ကိုဇော်ဇော်ထွန်းကပြောသည်။

“ကျွန်တော်တို့က အခုလက်ရှိ ဒ်ီမိုကရေစီ အစိုးရပိုင်းမှာ အဓိက သမ္မတကနေ အစပေါ့လေ အရေးပါတဲ့လူတွေက အရင်က စစ်တပ်က ဖြစ်တယ်။ အများ အားဖြင့် ကြည့်လိုက်မယ်ဆိုရင် နိုင်ငံရေးနှင့် တိုင်းပြည်ရေးကိစ္စတွေမှာ အရင်က လူကြီးတွေ၊ ဦးသာအေးတို့လို အရာရှိကြီးတွေ၊ အစစ အရာရာမှာ အသက်အရွယ်ကြီးတဲ့ လူကြီးတွေကပဲ ပါဝင်မှုများတယ်လေ။ နိုင်ငံရေး အတွေ့အကြုံများတဲ့ လူကြီးပိုင်းတွေပဲ ရှိနေကြတယ်။ လူငယ်တွေ ကတော့ နိုင်ငံရေးပိုင်း ဆိုင်ရာတွေကို စစ်အုပ်ချုပ်ရေး တစ်ချိန်လုံးမှာ လူငယ်တွေ၊ တိုင်းသူပြည်သားတွေကို ပါဝင်ခွင့်မရအောင် အမှောင်ချထားပြီး မျက်လုံးပိတ်ထားခံရတဲ့အတွက်ကြောင့် အခုအချိန်မှာ ကျွန်တော်တို့ လူငယ်တွေကလည်း ကိုယ့်ဒေသရဲ့ လိုအပ်ချက်နဲ့ လိုအပ် နေတဲ့ အားနည်းချက်တွေကို လူကြီးတွေက လက်တွဲခေါ်တဲ့အနေနဲ့ ကျင်းပတာ ဖြစ်ပြီိး တောင်းဆိုတတ်ကြဖို့အတွက် ဖြစ်တယ်။ ဒီလိုတောင်း ဆိုပြီး တော့ နောက်မျိုးဆက် အနာဂတ်မှာ တိုင်းပြည်ကို တာဝန်ယူကြမဲ့ လူငယ်လေးတွေကို ဒီလိုအသိ အတွေးအခေါ်တွေ ရှိနေတယ်ဆိုတာ လူကြီးတွေ ကို အသိပေးဖို့နဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို အသိပေးဖို့အတွက် ကျင်းပရတာ ဖြစ်ပါတယ်။ ” ကိုဇော်ဇော်ထွန်းက ပြောသည်။

နိုင်ငံရပ်ခြားသို့ သွားရောက်ပညာသင်ကြားနေသော လူငယ်များအနေဖြင့် မိမိနိုင်ငံ၊ မိမိဒေသကို ပြန်လာ၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ မိမိတို့ တတ်နိုင် သည့်ဘက်မှ အထောက်အပံ့ပြုပေးရန်လိုအပ်ကြောင်း၊ ရခိုင်တစ်ပြည်လုံး လူငယ်ဖိုရမ်ဆွေးနွေးသည့်အကြောင်းအရာများသည် ပြည့်စုံမှု ရှိပြီး အားရစရာကောင်းကြောင်း၊ ထို့အပြင် သဘာဝပတ်ဝန်းကျင်နှင့် ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖော်လုပ်ဆောင်နေသည့် ဖွံ့ဖြိုးတိုး တက်ရေး စီမံကိန်းများ၏ အကျိုးသက်ရောက်မှုများနှင့်ပက်သက်၍လည်း ဤဖိုရမ်တွင် ထည့်သွင်းဆွေးနွေးစေလိုကြောင်း ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှလည်း အကြံပြုလိုက်ကြောင်း သိရှိရသည်။

“အဓိကတော့ လူငယ်နဲ့ သဘာဝပတ်ဝန်းကျင်ကို ခေါင်းစဉ်ကြီးတစ်ခုအနေနဲ့ ဆွေးနွေးဖို့လိုပါတယ်။ ဘာလိုလည်းဆိုတော့ အခုကမ္ဘာကြီးမှာ ဘဲဖြစ်ဖြစ် အထူးသဖြင့် ဒီဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံဖြစ်တဲ့ မြန်မာပြည်လို တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ အများအားဖြင့် လုပ်တာကတော့ ဒီသဘာဝပတ်ဝန်းကျင်နဲ့ ပက်သက်ပြီးတော့ စီမံကိန်းတွေ လုပ်ကြပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်မှာ ဆိုရင် ရွှေဂတ် သဘာဝဓါတ်ငွေ့၊လေးမြို့မြစ်ရေကာတာ စီမံကိန်းနဲ့ တခြားစီမံကိန်းတွေလည်း ရှိပါတယ်။ အဲ့ဒီအချိန်မှာ အဓိက ဖြစ်ပေါ်လာမယ့် အကျိုးဆက် တွေက ပြည်သူပြည်သားတွေကို ထိခိုက်သလို လူငယ်တွေကိုလည်း အများကြီး ထိခိုက်ပါတယ်။ ပညာရေး၊ လူမှုရေး၊ တခြားအလုပ်အကိုင်တွေကိုလည်း ထိခိုက်ပါတယ်။ နောက်တစ်ခုက သဘာဝပတ်ဝန်းကျင် ဆိုတာက ရခိုင်ပြည်မှာ ရှိတဲ့ အယင်ကဆိုရင် လမူးတော၊ ပြာတောတွေ လူငယ်တွေဟာ အဲ့ဒီတောတွေရဲ့ တန်ဖိုးကို မသိကြဘူး၊ သဘာဝရဲ့ တန်ဖိုးကိုလည်း မသိကြဘူး။ အဲ့ဒါကြောင့် သဘာဝ ပတ်ဝန်းကျင်ဟာလည်း အရေးကြီးပါတယ်။ မိမိတို့ မျိုးဆက်တစ်ခုတည်းမှာဘဲ သုံးပစ်လိုက်လို့ မရပါဘူး။နောက်မျိုးဆက်သစ်တွေ အတွက်လည်း ထိန်းသိမ်းဖို့၊ ကာကွယ်ဖို့လိုအပ်ပါတယ်။ ဒီသဘာဝပတ်ဝန်းကျင်ကို ကာကွယ်မှလည်း ရာသီဥတု ဖောက်ပြန်မှုတွေ ကျွန်တော်တို့ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ရခိုင်မှာဆိုရင် မကြာခင်က ဖြစ်သွားတဲ့ ၂၀၁၀ ဂီရိမုန်တိုင်းဖြစ်သွားတယ်။ အဲ့ဒါတွေဟာ လမူတော၊ ပြာတောတွေပြုန်းတီးလာမှုရဲ့အကျိုးအဆက်တွေပါ။

 အဲ့တော့ အသေအပျောက်တွေများပါတယ်။ အဲ့ဒါတွေကို လူငယ်တွေကို ပညာပေးရမှာ ဖြစ်သလို ဘယ်လို ကာကွယ် မှာလည်းဆိုတာ လူငယ်တွေကို အဓိကထားလို့ အသိပညာပေးဖို့ လိုအပ်ပါတယ်လို့ မြင်ပါတယ်။ ဒီဖိုရမ်မှာဆွေးနွေးတဲ့ ကျန်တာတွေတော့ ပြည့်စုံ ပါတယ်။” ဟု ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ကိုအောင်မင်းဦးက ပြောသည်။

သစ်တောပြုန်းတီးမှုနှင့် သဘာဝဘေးအန္တရာယ်သည် ဆက်စပ်မှုရှိပြီး မည်မျှအရေးပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် စီမံကိန်းများ၏ နောက် ကွယ် တွင် ကောင်းကျိုး၊ ဆိုးကျိုးများ မည်သို့ရှိကြောင်း အစရှိသည့် လူထုအသိပညာပေးလုပ်ငန်းများကို ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့တစ်ခုတည်းမှ လုပ်ဆောင်ခြင်းမဟုတ်ဘဲ ရခိုင်လူငယ်များပါ ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ကိုအောင်မင်းဦးက ပြောသည်။

ဤရခိုင်လူငယ်ဖိုရမ်သို့တက်ရောက်လာသော မြို့နယ်အသီးသီးမှ လူငယ်ကိုယ်စားလှယ်များထဲက ၁၅ဦးရွယ်ချယ်ကာ မြန်မာနိုင်ငံ လူငယ် ကွန်ယက်တွင် ရခိုင်ပြည်ကိုယ်စားလှယ်အနေဖြင့် တက်ရောက်ကာ မြန်မာ့အရေး၊ ရခိုင့်အရေးများတွင် ၀င်ရောက်လှုပ်ရှားသွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက် များချက်မှတ်ခဲ့ကြပြီး ရခိုင်လူငယ်ဖိုရမ်ကို ယနေ့ ညနေ ၃နာရီအချိန်ခန့်တွင် အဆုံးသတ်ခဲ့သည်။-(မင်းသွီး)- Sunday, 02 December 2012

About MPN

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

No comments:

Post a Comment


Top